ကဲ….ဝေဒနာ နိရောဓာလိုက်ပဟေ့ (၁)
ဤစာစုသည် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် မည်သူ့ မည်သူကိုမျှ…“မည်သို့ ဖြစ်စေ၊ မည်သည် မသင့်၊ မည်သည် သင့်၏”ဟု ကဲ့ရဲ့၊ ရှုံချ အနေအားဖြင့် ရည်ညွှန်းရေးသားသည် မဟုတ်ပါပဲ ဝေဒနာဖမ်းရန် အားထုတ်နေကြရာတွင် အနည်းငယ်မျှ ဆိုစေကာမူ အထောက်အပံ့ ဖြစ်စေရန် အလို့ ငှာ…တင်သွင်းမိပြန်ပါသည်။
မြတ်စွာဘုရားကိုယ်တော်မြတ် မိန့် မှာတော်မူသည့် အတိုင်း (တနည်း) ကျမ်းဂန်လာ သဘောယုတ္တိအတိုင်း ဟုတ်သည်၊ မဟုတ်သည်ကိုဖြင့် မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် စဉ်းစား ဝေဖန်၍ ချိန်ထိုးထောက်ဆစေချင်တော့၏။
ဝေဒနာပွားများပုံသည် နိဿယျည်း ဟုတ်မှန်ပါက သောတာပန်၊ သကဒါဂါမ် မျှမက ပဋိသမ္ဘိဒါမဂ္ဂနှင့် တကွ လေးမဂ် လေးဖိုလ်ရ၍ အာသဝေါတရား ကုန်ခမ်း ရဟန္တာအဖြစ်သို့ ပင် ရောက်စေသည်ဖြစ်ရာ အင်မတန်မှ အကျိုးများပေတော့၏။
မဟုတ်ခဲ့သော်ကား..…လုပ်ကျိုး မနပ်ပါချေ။
အောက်ပါ စာစုအား အထူးသဖြင့် ဝေဒနာဖမ်းသူများ ရင်းနှီးနေပါလိမ့်မည်….
ထိုင်ပြီးတော့ တရားအားထုတ်၊ ကြာကြာထိုင်တော့ ညောင်းလာ၊ ကိုက်လာ၊ ခဲလာ၊ ကျင်လာ၊ နာလာ၊ သည်းမခံနိုင်လောက်အောင် ဖြစ်လာတော့၏။
ဆင်းရဲပင်ပန်းလာသည့် ဒုက္ခဝေဒနာ ဖမ်းကြလေတော့၏။
ခါးက ကိုက်၏၊ ပေါင်က ညောင်း၏၊ ခြေသလုံးက နာ၏၊ ခါးက ကျင်၏၊ ဒူးဆစ်က ဘယ့်နှယ့်ဖြစ်၏……..
ထိုထိုများကို လိုက်၍ လိုက်၍ ဖမ်းသည်ရှိသော် “ဝေဒနာ” ပေါ်မရောက် “ရောဂါ” ပေါ်သာလျှင် ရောက်သည် ဖြစ်ပေတော့၏။
အဘယ်ကြောင့်ဆိုသည် မေးသော် ဝေဒနာသည် တခြား၊ ရောဂါသည်က တခြားပင်ဖြစ်ပါကြောင်း ဖြေရန်သာ ရှိ၏။
“ဝေဒနာ” ဟူသည် အာရုံ၏ အရသာလေး(အနုဘဝန-အရသာ)အား ခံစားကာမျှသဘောလေးပင် ဖြစ်၏။ ( တံ တံ သုခါဒီနံ ဝတ္ထုံ အာရမ္မဏံ ကတွာ ဝေဒနာဝ ဝေဒယတိ- သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ၂၅၂)
“ရောဂါ” ဟူသည်ကား နာကျင်တတ်တဲ့ သဘောကို ခေါ်ပါ၏။ (ရုဇ္ဇျတီတိ ရောဂေါ)
သို့ ကြောင့် “ဝေဒနာ”အား လိုက်ဖမ်းသည် မဖြစ်ပဲ “ရောဂါ” ကြီးကို လိုက်၍ လိုက်၍ ရှု့ ခြင်းသည်ပင် အချိန်နှင့်အမျှ ပေတေအောင့်အီးသည်းခံနေခဲ့သည်ရှိသော် ကျင့်သားရခြင်းသည် ဖြစ်၍ ညောင်းခြင်း၊ ညာခြင်း၊ ကိုက်ခြင်းများ ပျောက်သည် အဖြစ်သို့ ရောက်ချေတော့၏။
ဤသည်ကိုပင် ဝေဒနာ နိရောဓာ အခန်းဆိုက်သည်ဟု ဆိုလာကြပေတော့၏။ ဝေဒနာ ချုပ်သွားသည် ဟူ၍ လည်ကောင်း၊ ဝေဒနာ ပျောက်သွားသည် ဟူ၍ လည်ကောင်း ယူဆလာကြ၏။ တစ်ချို့ လည်း “ချမ်းသာလိုက်တာ ပြောမနေနဲ့ ” ဟု ဆိုတတ်ကြ၏။
သို့ ဖြစ်ပါသောကြောင့် “ငါ” ညောင်း၏၊ “ငါ့”ခါး ကိုက်၏၊ ပေါင်ညောင်း၏၊ ခြေကျင်၏….စသည့် အနေအားဖြင့် လိုက်၍ ဖမ်းခြင်းများသည် ဝေဒနာ အစစ် မြင်သည် ဖြစ်သည် မဟုတ်ပါချေ ဟုသာ….။
သမ္မောဟဝိနောဒနီအဋ္ဌကထာ၊၂၅၁- သမ္မောဟဝိနောဒနီအဋ္ဌကထာ သတိပဋ္ဌာနဝိဘင်္ဂဝေဒနာနိဒ္ဒေသ အဖွင့်
“ကော ဝေဒယတိ၊ ကဿ ဝေဒနာ၊ ကိံကာရဏာ ဝေဒနာ” မှ
ကော ဝေဒယတိ ( ဘယ်သူသည် ခံစားသနည်း)……
အထက်ပါ အမေးအား ဤသို့ ဖွင့်၏
“ကော ဝေဒယတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဝေဒယတိ”
သတ္တောဝါ (သတ္တဝါသည် လည်ကောင်း)၊ ပုဂ္ဂလောဝါ (ပုဂ္ဂိုလ်သည် လည်ကောင်း)၊ ကောစိ (တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်)၊ န ဝေဒယတိ (မခံစား)။
“န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဝေဒနာ”
ကဿစိ( တစ်စုံတစ်ယောက်သော)၊ ပုဂ္ဂလော ဝါ(ပုဂ္ဂိုလ်၏ လည်ကောင်း)၊ သတ္တဿ ဝါ(သတ္တဝါ၏ လည်ကောင်း)၊ ဝေဒနာ( ဝေဒနာသည်)၊ န (မဟုတ်)။
သတ္တဝါများ ခံစားခြင်း မဟုတ်၊ ပုဂ္ဂိုလ် ခံစားခြင်းမဟုတ်၊ ငါ ခံစားခြင်းမဟုတ်၊ ယောကျာ်းမိန်းမ ခံစားခြင်းမဟုတ်၊ နတ် ခံစားခြင်းမဟုတ်၊ ဗြဟ္မာခံစားခြင်းမဟုတ်၊ ခွေး-ဝက်-ကြက်-ငှက်တို့ ခံစားခြင်းများ မဟုတ်ပါချေ။….
ဆက်လက်၍ ဝေဒနာသည်ပင် ငါလည်းမဟုတ်၊ ပုဂ္ဂိုလ်လည်းမဟုတ်၊ သတ္တဝါလည်းမဟုတ်၊ အကောင်အထည် အထည်ဒြပ်သဏ္ဌာန်လည်းမဟုတ်၊ အမှုန်အမွား အရေအဖတ်လည်းမဟုတ်၊ အဖြူအပြာအဝါလည်းမဟုတ်၊ လေးထောင့်သုံးမြှောင့်လည်းမဟုတ်၊………
ဝေဒနာခေါ်သည့် ဝေဒနာစေတသိက်-ဝေဒနာက္ခန္ဓာသည် အရိုးရှင်းဆုံးဖြေရသည် ရှိသော်
“ဝေဒနာစေတသိက်သည် ဝေဒနာစေတသိက်ပင်” ဖြစ်ပေတော့၏။
သူ့ သဘော သူဆောင်တတ်သည့် သဘောလက္ခဏာ (တနည်း) ဝေဒယိတလက္ခဏာ (တနည်း) အနုဘဝန- ဖဿဖြစ်စဉ်အခါ ပေါ်လာသည့် အာရုံ၏ အရသာကို ခံစားတတ်သော သဘောမျှသက်သက်ပင် ဖြစ်ပါသောကြောင့် “ငါ့ဟာ၊ သူ့ ဟာ” ဆို၍ မဖြစ်နိုင်ပါချေ။ “အတုံး၊ အလုံး၊ အခဲ” ဆို၍ ရှာမရပါချေ။
“သဘော” မျှသက်သက်သာ ဖြစ်၏။
“ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ နပ္ပဇဟတိ၊ သတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ စ န ဟောတိ” (သမ္မောဟဝိနောဒနီအဋ္ဌကထာ၊ ၂၅၁)
ဟိ(မှန်၏)၊ ယော ဘိက္ခု(အကြင်ရဟန်းသည်)၊ ဧဝရူပံ(ဤသို့ သဘောကို)၊ ဇာနနံ-ဇာနန္တော(သိခြင်းသည်)၊ သတ္တူပလဒ္ဓိံ(သတ္တဝါဟူသော စွဲလမ်းမှု အယူကို)၊ နပ္ပဇဟတိ(မစွန့် ပယ်ခွါ)၊ သတ္တသညံ(သတ္တဝါဟူသော အမှတ်သညာကို)၊ န ဥဂ္ဃါဋေတိ(မခွါ)။(ဝါ) သက္ကာယဒိဋ္ဌိတို့ မခွါ၊ ကမ္မဋ္ဌာနံ ဝါ(ကမ္မဋ္ဌာန်းသည် လည်းကောင်း)၊ သတိပဋ္ဌာနဘာဝနာ စ( သတိပဋ္ဌာန်ဘာဝနာသည် လည်ကောင်း)၊ န ဟောတိ( မဖြစ်)။ ။
သတ္တသညာ- ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်၊ လိပ်ပြာ ဆိုထားသည့် သက္ကာယဒိဋ္ဌိတည်းဟူသော သတ္တသညာအား မခွာပါပဲနှင့်၊ “ငါ နာသည်၊ သူနာသည်၊ ပေါင်ကိုက်သည်၊ ခါးမျက်သည်၊ ခြေညောင်းသည်၊ ခေါင်းထဲ ဆစ်ဆစ်နာသည်၊…..” စသည့်ထိုထို “ငါ” ဆိုသော အစွဲ၊ ပုဂ္ဂလအစွဲ ဖြင့် ဝေဒနာဖမ်းပြီး အားထုတ်သည် ရှိသော် မည်မျှပင် ရှု့စေကာမူ…ကမ္မဋ္ဌာန်းသည် မဖြစ်၊ သတိပဋ္ဌာန်ဘာဝနာသည်လည်း မဖြစ်ပါကြောင်း……..
ဤသို့ ပင်လျှင်…သတ္တာသညာခေါ်ထားသည့် သက္ကာယဒိဋ္ဌိကွာခြင်း အားထုတ်မှုသည် မဂ်စခန်း၊ ဖိုလ်စခန်း သွားရာ လမ်း၌ နံပါတ်တစ် အရေးကြီးဆုံးသော မဂ်အန္တရာယ် မဂ်တား ဖိုလ်တာ မိစ္ဆာအယူဖြစ်ပါကြောင်း သတိပြု မှတ်သားရပါတော့သည်။ ။
ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဝေဖန်ရေးသားသည် မဟုတ်….၊ မြတ်စွာဘုရား ကိုယ်တော်မြတ် ဟောကြားပါသော ဒေသနာတော်မြတ်မှ သင့်နိုး ရာရာ ထုတ်နုတ်သင်ပြထားပါသော ပခုက္ကူ ဝိပဿနာ သင်တန်းစဉ်မှ တဖန်မှီး(ကူး)၍ ဓမ္မဒါန ပြုပါသည်။ ။

No comments:
Post a Comment